Monday, March 8, 2010

မီးသတိပြု-၂

မီးသတိပြု (၂) အဖြစ် လျှပ်စစ်ဝါယာကြိုး အင်ဗာတာ နှင့် မီးအားမြှင့်စက်တွေအကြောင်းရေးပါမယ်။ ဒီအကြောင်းအရာတွေက ကျန်းမာရေးနဲ့ မဆိုင်ပေမယ့် လူတိုင်းသတိထားသင့်တဲ့ အချက်တွေ ဖြစ်တဲ့အတွက် ဖော်ပြပေးခြင်း ဖြစ်ပါတယ်။

မြန်မာပြည်မှာ အများစု သုံးကြတဲ့ ၀ါယာကြိုးတွေဟာ တရုတ်ကလာတဲ့ ကြိုးတွေ ဖြစ်တတ်ပါတယ်။ ဘယ်သူမှ quality check လုပ်မထားသလို လျှပ်ကူးအားလည်း နည်းပါးတတ်ပါတယ်။ quality ကောင်းတဲ့ကြိုးတွေကတော့ ဈေးကြီးတဲ့အတွက် ငွေကြေးတတ်နိုင်သူတွေပဲ တတ်ဆင်နိုင်လိမ့်မယ် ထင်ပါတယ်။ မီးကြိုးတွေ လျှပ်ကူးအား နည်းပါးခြင်းရဲ့ ရလဒ်ကတော့ ဗို့အား အများကြီးကို မသယ်ဆောင်နိုင်ခြင်းပဲ ဖြစ်ပါတယ်။ သယ်ဆောင်ရရင်လည်း အလွန်အမင်းပူလာတာကို တွေ့ရတယ်။ ငယ်ငယ်တုန်းက အိမ်က အဒေါ်တစ်ယောက် မီးပူတိုက်တာကို တရုတ်ကလာတဲ့ မီးခွေကို အသုံးပြုပြီး တိုက်နေတာ၊ မျက်စိရှေ့မှာတင် မီးခွေက အငွေ့တွေ ထွက်လာပြီး အရည်ပျော်သွားလို့ ပလက်ပေါက်ကနေ ချက်ချင်းဖြုတ်ပစ်ရဖူးတယ်။ အဲဒီလို ဖြစ်လာရင် မီးဘေးအန္တာရယ် ရှိပါတယ်။ အဲဒီတော့ heavy duty အလုပ်တွေ ဖြစ်တဲ့ မီးပူတိုက်ခြင်း၊ hot plate နဲ့ ကြိုးတွေ အများကြီးထိုးမယ်ဆိုလို့ရှိရင် တရုတ်မီးကြိုး extension အခွေများကို မသုံးဘဲ လုံခြုံစိတ်ချရတဲ့ အမျိုးအစားများကို သုံးသင့်ပါတယ်။ နောက်တစ်ချက်က မီးကြိုးတွေ ကို ပူးပြီး ချီထားခြင်းဖြစ်ပါတယ်။ မီးကြိုးတိုင်းဟာ အမျိုးအစားကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ ပူတတ်ပါတယ်။ အရေအသွေးညံ့ဖျင်းတဲ့ မီးကြိုးတွေကို ပူးထားလို့ကတော့ အရည်ပျော်ပြီး short circuit ဖြစ်ကာ မီးလောင်နိုင်ပါတယ်။
ဒုတိယအချက်ကတော့ မီးပျက်သွားရင် သတိထားဖို့ပါ။ လူတော်တော်များများက မီးအားမြှင့်စက်တွေ သုံးနေကြပြီး သတိနဲ့ သုံးတတ်လာပါတယ်။ အဲဒီတော့ အင်ဗာတာတို့ မီးအားမြှင့်စက်တို့ကနေ မီးလောင်ခြင်းများ နည်းပါးလာပါတယ်။ သို့သော် အိမ်တံခါးပိတ်ပြီး သွားရသည့်အခါမျိုး မီးကလည်း ညကတည်းက ပျက်နေသည့်အခါမျိုးတွင် မီးအားမြှင့်စက်ချဖို့ သတိမေ့နေတတ်ပါတယ်။ မီးအားမြှင့်စက်တွေက ပူလာပြီး မီးစလောင်နိုင်ပါတယ်။  နောက်တစ်ခါ မီးပျက်သွားတဲ့အခါမျိုးတွေမှာ မီးပူတွေကို ဖွင့်မထားမိဖို့ အထူးသတိထားသင့်တယ်။

လျှပ်စစ်မီးကို ဘယ်လိုသတ်မလဲ။

ကဲ ၀ါယာရှော့ ဖြစ်ပြီး မီးလောင်ပါပီတဲ့။ ကိုယ့်ရှေ့မှာ ဖြစ်နေတာ။ ကိုယ်သာ သတ်နိုင်ရင် အချိန်မှီ မပြန့်အောင် တားနိုင်သေးတယ်ဆိုရင် ဘာလုပ်မလဲ။ အထူးဂရု ပြုရမှာကတော့ ၀ါယာကနေစပြီး လောင်တဲ့မီးကို ရေမလောင်းဖို့ပါ။ မီးသတ်ကားကနေ ရေဖြန်းပြီး မီးငြိမ်းတယ်ဆိုတာက အဝေးကနေ သတ်တာလေ။ ကိုယ်က လည်း ရေစိုနေမယ်။ ၀ါယာဆီကိုလည်း ရေနဲ့ ပက်လိုက်မယ်ဆိုရင် ဓာတ်လိုက်နိုင်ပါတယ်။ ထို့ကြောင့် တိုက်တာအဆောက်အအုံများတွင် မီးသတ်ဆေးဘူးများ အဆင်သင့်ရှိဖို့ လိုလာပါတယ်။ မီးသတ်ဆေးဘူးသည်သာ အသင့်တော်ဆုံးပါ။ ဒါကြောင့် မီးသတ်ဆေးဘူးတွေကို ပုံမှန်စစ်ဆေးနေဖို့လည်း လိုတယ်။
အရင်ဆုံး မိန်းချထားပြီး လျှပ်စစ်မှန်သမျှကို ဖြတ်တောက်ရပါမယ်။ ဒါမှလည်း မီးလောင်စေတဲ့ အကြောင်းက ရပ်သွားမှာလေ။ လောင်လက်စမီးကို သတ်ရုံပဲ ကျန်တော့မယ်။  ရေနဲ့ သတ်ချင်ရင်တော့ ရပါတယ်။ လျှပ်စစ်ဓာတ်မရှိတော့ဘူး ဆိုတာ သေချာရင်တော့ ရေနဲ့ သတ်လို့ရပါတယ်။ ရေမရှိရင် သဲနဲ့ ပက်လည်းရပါတယ်။ မည်သည့် အရာဖြင့် မီးသတ်သည် ဖြစ်စေ မီညွှန့်ကို မသတ်ဘဲ မီးစလောင်သည့်နေရာ (အရင်း)ကို ဦးတည်ပြီး ပက်ဖျန်းရန် လိုအပ်သည်။ သို့မှသာ မီးသတ်ခြင်းအမှုသည် ထိရောက်မည် ဖြစ်သည်။

မိန်းကလည်း ချလို့မရ။ အနားတွင်လည်း သတ်စရာ ရေတို့ မီးတို့ မရှိပါက မည်သို့လုပ်မည်နည်း။

အနားတွင် လောင်ကျွမ်းနိုင်သည့် အရာမှန်သမျှကို မီးလွတ်ရာသို့ ဖယ်ထားသင့်သည်။ အထူးသဖြင့် လောင်စာဖြစ်စေ ဆီ ရှိပါက ဆီ ဗုံးများ gas အိုးများကို နေရာအရင် ရွေ့သင့်သည်။ မီးကို မည်သို့မျှ ငြိမ်းသက်ရန် မဖြစ်နိုင်ပါက မကြိုးစားတော့ဘဲ အသက် အန္တာရာယ် ကင်းရာသို့ ထွက်ပြေးသင့်ပါသည်။

2 comments:

တောင်တန်းပြာ said...

ထွက်မပြေးခင်မှာမီးသတ်ဌာနကိုလျှပ်စစ်ကြောင့်မီးလောင်ခြင်းဖြစ်ကြောင်းသတင်းပို့ ပေးခဲ့စေချင်ပါတယ်..ဒါမှလဲ မီးသတ်တဲ့တပ်ဖွဲ့ ဝင်တွေသတိပြုပြီးမီးသတ်လို့ ရမှာပါ...မိန်းကိုအလွယ်တကူချလို့ မရရင် လျှပ်စစ်ဌာနကိုလျှပ်စစ်ဖြတ်တောက်ပေးဖို့ လဲအကူအညီတောင်းနိုင်ပါတယ်..ကြုံတုံးအကြံပေးပါရစေ..တကယ်လို့ သင်မီးခိုးတွေပြည့်နေတဲ့အခန်းထဲမှာပိတ်မိနေခဲ့တယ်ဆိုရင်တော့ ကြမ်းပြင်မှာမှောက်လိုက်ပါ..ကြမ်းပြင်ရဲ့ အထက်တစ်လက္မလောက်မှာအောက်စီဂျင်ရှိတဲ့လေထုရှိနေပါတယ်...ပြီးရင်ထွက်ပေါက်ရှိတတ်တဲ့နေရာကအလင်းရောင်ကိုလဲမြင်ရနိုင်ပါတယ်..(အကြံပြုရုံပါခင်ဗျာ)

ဇီဝက (ဆေး-၂) said...

အခုလို ကျွန်တော်ရေးထားတဲ့ စာထဲက လိုအပ်ချက်ရှိတာတွေကို ထောက်ပြတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်။